မြင်လွှာပြဲရင် အမြင်အာရုံဆုံးရှုံးမှာလား
အမြင်အာရုံဟာ လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။
အမြင်အာရုံအတွက် မြင်လွှာ (Retina) ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ မြင်လွှာဟာ ပါးလွှာတဲ့ တစ်ရှူးအလွှာလေးဖြစ်ပြီး မျက်စိရဲ့ အတွင်းဘက်အနားသတ်အနေနဲ့ ရှိပါတယ်။ မြင်လွှာမှာ အလင်းကို အာရုံခံနိုင်တဲ့ ဆဲလ်ပေါင်းမြောက်များစွာ ပါဝင်ပြီး မျက်စိထဲကို အလင်းဝင်လာတဲ့အခါ မျက်စိအာရုံကြော Optic Nerve မှတဆင့် ဦးနှောက်ကို အချက်ပြလျှပ်စစ်လှိုင်းတွေ ပို့ဆောင်ပေးပြီး ပုံရိပ်မြင်ရအောင် လုပ်ဆောင်ပေးတာပါ။
မြင်လွှာပြဲတဲ့အခါ မြင်လွှာကွာကျပြီး အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။
ဘာကြောင့် မြင်လွှာပြဲနိုင်သလဲ?
မျက်လုံးရဲ့ အတွင်းပိုင်းမှာ Vitreous Homour လို့ ခေါ်တဲ့ ဂျယ်လီလို အရည်ကြည်အလွှာရှိပြီး ၄င်းကို မြင်လွှာက အုပ်ထားပေးပါတယ်။ ငယ်ရွယ်စဥ်မှာ ထိုအလွှာနှစ်ခုက ကပ်နေပေမယ့် အသက်ကြီးလာတာနဲ့အမျှ ဂျယ်လီလွှာနဲ့ မြင်လွှာက တဖြည်းဖြည်းကွာလာတတ်တာကြောင့် မြင်လွှာပြဲနိုင်တာပါ။
မြင်လွှာကွာပြီးပြဲတာက သူ့အလိုလိုဖြစ်နိုင်သလို
- အသက်ကြီးတဲ့သူ
- မျက်စိ ထိခိုက်ဒဏ်ရာရတဲ့သူ
- အဝေးမှုန်တဲ့သူ
- အရင်က မျက်စိခွဲထားဖူးသူ
- မြင်လွှာကွာတဲ့၊ ပြဲတဲ့ မိသားစုရာဇဝင်ရှိသူတွေမှာ ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာ…
- မြင်လွှာပြဲတဲ့ မျက်လုံးမှာ Floaters လို့ခေါ်တဲ့ မျောနေတဲ့ အရိပ်လေးတွေတွေ့ရတာ
- Flash Light လို လင်းကနဲလက်ကနဲ မြင်တာတွေဟာ မြင်လွှာပြဲတာရဲ့ လက္ခဏာတွေပါ။
- မြင်လွှာပြဲတာအပြင် ဂျယ်လီလွှာမှာ သွေးပါထွက်တာ၊ မြင်လွှာကွာတာနဲ့ တွဲနေရင် အမြင်ဝါးတာ၊ ခန်းဆီးကာထားသလိုမျိုး ဘေးဘက်တွေထိ မမြင်ရတာတွေ ဖြစ်နိုင်ပါတယ်။
- မြင်လွှာပြဲပေမယ့် ဘာလက္ခဏာမှ မခံစားရတာလည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုကုသမလဲ?
မြင်လွှာပြဲတိုင်း ကုသမှု လိုအပ်တာတော့ မဟုတ်ပါဘူး။ ဘာလက္ခဏာမှ မခံစားရတဲ့ မြင်လွှာအနည်းငယ်ပြဲတာမျိူးဟာ သူ့အလိုလို ပြန်ကပ်သွားနိုင်ပါတယ်။
မြင်လွှာပြဲတာများပြီး မြင်လွှာကွာလာတာ၊ ဂျယ်လီလွှာ သွေးထွက်တာမျိုး ဆိုရင်တော့ အချိန်မီ မကုသရင် အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။
ထုံဆေးပေးပြီး ပြဲနေတဲ့ မြင်လွှာကို လေဆာနဲ့ အပေါက်ဖာတာ၊ cryotherapy လို့ခေါ်တဲ့ အေးခဲပြီး မြင်လွှာကို ပုံမှန်ပြန်ဖြစ်အောင်လုပ်တာတွေ လုပ်လေ့ရှိပါတယ်။
မြင်လွှာပြဲဖူးရင် နောက်တစ်ခါ ထပ်ပြဲနိုင်ခြေလည်း များတာမို့ ဂရုတစိုက် နေသင်ပါတယ်။
ဟက်ပီးလေးတို့လည်း မြင်လွှာမပြဲအောင် ဂရုစိုက်ကြပါ။ အကယ်၍ မြင်လွှာပြဲတဲ့၊ မြင်လွှာကွာတဲ့ လက္ခဏာတွေ ခံစားရရင်လည်း မပေါ့ဆဘဲ မျက်စိဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အချိန်မီ ကုသမှုခံယူကြပါနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်